မဘိမ်း မေ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီးတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၆ ရက်၊ နံနက် ၉ နာရီအချိန်မှစ၍ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များ စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ၌ မေ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိရာ ကျောင်းများစတင်ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ကျကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက မိမိတို့တာဝန်ကျရာကျောင်းများ၌ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို အခမဲ့ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းစတင်အပ်နှံသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် နိုင်ငံတော်မှပံ့ပိုးသော ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာ စာအုပ်၊ ခဲတံနှင့် ဘောပင်များကို အခမဲ့ပေးအပ်ခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါကျောင်းအပ်နှံခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးရဲထွဋ်လင်းနှင့် ဦးသန်းဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညိမ်းသူအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး မဘိမ်းမြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း(၃) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၂)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(၄)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း(၅)ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း(၇)ကျောင်း၊ စုစုပေါင်း ကျောင်း (၂၄) ကျောင်းတို့တွင် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များ စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)