ရမည်းသင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရမည်းသင်း မေ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့၊ ကျောင်းအပ်ခြင်းကို အမှတ်(၅) မြို့မအခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၈ နာရီက ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပပြီး ကျောင်းသား၊ ကျောင်းသူများကျောင်းအပ်နှံခြင်းကို စတင်လက်ခံလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်မိမိခိုင်က ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပရခြင်းနှင့် ပညာရေးဆိုင်ရာများကို ရှင်းလင်းပြောကြားကာ ကျောင်းအကျိုးတော်ဆောင်ဦးဇော်မင်းစိုးက မိဘဆရာအသင်းပူးပေါင်းနိုင်ရေးနှင့် ကျောင်းသန့်ရှင်းသာယာလှပရေး ဝိုင်းဝန်းဆောင်ရွက်နိုင်ရန်ကို ရှင်းလင်းပြောကြားပြီး မြို့မအထကကျောင်း၊ ကျောင်းသား၊ ကျောင်းသူများမှ ဇာတိမာန်သီးချင်းဖြင့် ဖျော်ဖြေခဲ့ကြသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိစေရန်” နှင့် ၅ နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG) တန်းကိုလည်းကောင်း၊ ၆ နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1) တန်းကိုလည်းကောင်း၊ လက်ခံအပ်နှံခြင်းများဆောင်ရွက်ကာ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ကျောင်းဝတ်စုံတစ်စုံစီကို အခမဲ့ပေးအပ်ခဲ့ပြီး ရမည်းသင်းမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၂၄၇)ကျောင်းရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မေ ၂၆ ရက်စ၍ ကျောင်းအပ်နှံခြင်းစတင်လက်ခံလျက်ရှိပြီး ဇွန်၂ ရက်စ၍ စာသင်းကြားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

ဇော်ဝင်းအောင်