၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ကျောင်းအပ်လက်ခံ

တွံတေး မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင်၂၀၂၂ -၂၀၂၃  ပညာသင်နှစ် အခြေခံပညာကျောင်းများကို  ဇွန်လ (၁)ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ အခြေခံပညာကျောင်းများ မေလ ၂၆ ရက်နေ့မှ စတင်၍  သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)သို့လည်းကောင်း၊ (၆)နှစ်အရွယ် ကလေးများကို ပထမတန်း(Grade-1)သို့လည်းကောင်း အပ်နှံရမည်ဖြစ်ပြီး ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ Mask နှင့် Face   Shield စသည့် ပစ္စည်းများကို နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးခြင်းနှင့် အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှုမရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၊ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

အဆိုပါ​ကျောင်းအပ်နှံရာသို့ ယ​နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်လက်ထောက်ပညာ​ရေးမှူး ဦးစံလင်းနှင့် တာဝန်ရှိသူများအဖွဲ့မှ မြို့နယ်အတွင်းရှိ​ကျောင်းများသို့ လှည့်လည်၍ ကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။

ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ လက်ခံသွားမည်ဖြစ်ပြီး တွံတေးမြို့နယ်အတွင်း အခြေခံပညာကျောင်း ထက်၊ လယ်၊ မူ ကျောင်း(၂၁၅)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂)ကျောင်း၊ ဘုန်းတော်ကြီးပညာသင် ( ၁ )ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း(၁)ကျောင်း စာသင်ကျောင်းစုစုပေါင်း(၂၁၉) ကျောင်း ရှိကြောင်း သိရှိရပါသည်။

တွံတေးသား