ပိုင်ကျုံ မေ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ပြည်သူများသွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး(Abate) ခပ်ခြင်းများကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်၍ ပိုင်ကျုံမြို့အမှတ်(၄) ရပ်ကွက်၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ကြရာတွင် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောင့်ရေးအသင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များရှိ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ပြည်သူများ၏နေအိမ်များရှိ ရေသွန်လောင်ကန်များ၊ ရေစည်များကိုခြင်မှတဆင့်ပေါက်ဖွားလာသည့် ပိုးလောက်လန်းများမရှိစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့်အဘိတ်ဆေးခပ်ခြင်းလုပ်ငန်များ လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းကြောင့် မိုးဦးရာသီတွင် ခြင်ပေါက်ဖွားမှုနှုန်းလျော့နည်းစေပြီး ပြည်သူများသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရန်ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းလုပ်ငန်းများဆောင်ရွက်ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာများကိုလည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများတို့က ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)