လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

လယ်ဝေး မေ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ကျောင်းအပ်လက်ခံခြင်းများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက်(၉)နာရီမှစတင်ကာ မြို့နယ်အတွင်းရှိကျောင်းများအလိုက်  ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ကျောင်းအပ်နှံရာတွင် ကျောင်းသားမိဘများထံမှ ငွေကြေးကောက်ခံခြင်းမရှိဘဲ၊ ကျောင်းသားကျောင်းသူများအတွက် နိုင်ငံတော်မှ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်၊ ခဲတံနှင့်ကျောင်းဝတ်စုံ စသည်တို့ကို အခမဲ့ထောက်ပံ့ပေးလျက်ရှိသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန်လ(၂)ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။

လယ်ဝေးမြို့နယ်တွင် အ.ထ.က(၁၈)ကျောင်း၊ အ.ထ.က-ခွဲ(၁၈)ကျောင်း၊ အ.လ.က (၁၄)ကျောင်း၊ အ.လ.က-ခွဲ(၂၆)ကျောင်း၊ မူလွန် (၅၁)ကျောင်း၊ မူလတန်း(၁၁၈)ကျောင်းနှင့် မူလတန်းခွဲ(၁၉)ကျောင်း၊ စုစုပေါင်း(၂၆၄)ကျောင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)