ရှမ်းရွာသစ် မေ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ မိုးဦးရာသီတွင် ခြင်ပေါက်ဖွားမှုနှုန်းလျော့နည်းစေပြီး သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွား စေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်မှကြိုတင်ကာကွယ်စေရန်ရည်ရွယ်၍ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၇)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်မှဦးဆောင်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ မိုးကြိုကာလတွင် သွေးလွန် တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်များအလွယ်တကူ ပေါက်ဖွားနိုင်သည့် ရေလှောင်ကန်များ၊ ရေစည်များ၊ ရေတိုင်ကီများအတွင်း အဘိတ်ဆေးခပ်ခြင်း၊ နေအိမ်များအား တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခြင်ပေါက်ဖွားမှုမရှိစေရေး အတွက် အိမ်တိုင်းတွင်ထားရှိသော ဘုရားပန်းအိုးများ၊ သောက်တော်ရေခွက်များ၊ မိုးရေတင်ကျန်နိုင်သည့် တာယာခွံ၊ ရေအိုးအဟောင်းများတွင် ရေများမခိုအောင်းနိုင်ရေး ဆောင်ရွက်ပေးရန် စသည့်သွေးလွန်တုပ် ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)