မလှိုင် မေ ၂၆
မလှိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်း (မလှိုင်) ဧရာဝတီခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းထက်က ၂၀၂၂-၂၀၂၃ခု ပညာသင်နှစ်တွင် မလှိုင်မြို့နယ်၌ အထက(၈)ကျောင်း၊ အထကခွဲ(၂၃)ကျောင်း၊ အလက(၁၄)ကျောင်း၊ အလကခွဲ(၆)ကျောင်း၊ မူလတန်းလွန်(၂၀)ကျောင်း၊ မူလတန်း(၁၁၅) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၅)ကျောင်းတို့အား ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ဦးတည်ချက် (၉)ရပ်ထဲမှ “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြှင့်မားရေး”အတွက် အသက်(၅)နှစ်မှ (၁၂)နှစ် ကျောင်းသား/သူများ ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် စီမံထားရှိပါကြောင်း၊ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ဌာနဆိုင်ရာများစုပေါင်း၍ အခြေခံပညာကျောင်းများ တွင် စုပေါင်းသန့်ရှင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ဆရာကြီး/ဆရာမကြီးအနေဖြင့်လည်း ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ကျောင်းနေအရွယ်အားလုံး ရာနှုန်းပြည့်ပညာသင်ကြားနိုင်ရေး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူလျက် အလေးအနက်ထားဆောင်ရွက်သွားရန် လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနှင့်စပ်လျဉ်း၍ တာဝန်ခံမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သန်းသန်းလှက ရှင်းလင်းပြောကြားပြီးနောက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ အခမဲ့ဖြန့်ဝေထားသော ဗလာစာအုပ်နှင့်စာရေးကိရိယာများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်း၊ အဖွဲ့ဝင်(၂) ဦးအောင်ကျော်သူ၊ အတွင်းရေးမှူး ရဲမှူးထိန်လင်းမောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများမှ ကျောင်းသား/သူလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)