ကော့သောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ကော့သောင်း မေ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် အဘိတ်ဆေးများ ခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို တာဝန်ရှိအဖွဲ့အစည်းများပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် အေးရိပ်ငြိမ်ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့ဖြင့် မိုးကြိုကာလ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက်ခြင်များ အလွယ်တကူပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်၊ ရေစည်၊ ရေပုံးများအတွင်းသို့ အဘိတ်ဆေးများခတ်ခြင်း လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် ဘုရားပန်းအိုးများ၊ သောက်တော်ရေခွက်များ၊ မိုးရေတင်ကျန်နိုင်သည့် တာယာခွံများနှင့် ရေအိုးဟောင်းများတွင်  ရေများမခိုအောင်းစေရေး ဆောင်ရွက်ပေးကြပါရန်၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရသည့် အကြောင်းအရာများအား အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းလုပ်ငန်းများကို သတ်မှတ်ရက်အလိုက် မြို့ပေါ် (၁၀) ရပ်ကွက်အနှံ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကျော်စိုး (ကော့သောင်း)