မိတ္ထီလာ မေ ၂၆
မိတ္ထီလာမြို့နယ်တွင် သဘာဝဘေးဖြစ်ပွးမှုများအပေါ် ထောက်ပံ့ထားရှိမှုနှင့် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သဘာဝဘေးဖြစ်ပွးမှုများအပေါ် ထောက်ပံ့ထားရှိမှုနှင့် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး အသိပညာပေးပြောပွဲတွင် မိတ္ထီလာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးကြည်က အသိပညာပေး ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မိတ္ထီလာခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဒေါ်အေးအေးအောင်က မိတ္ထီလာခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ထောက်ပံ့ပေးအပ်မှု အခြေအနေများ၊ ဌာနမှသဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုအခြေအနေများ၊ သဘာဝဘေးကြုံတွေ့လာပါက သတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆက်သွယ်အကူအညီတောင်းခံနိုင်သည့် Hoe Line ဖုန်းနံပါတ်များကို ရှင်းလင်းပြောကြားခဲ့သည်။
မိတ္ထီလာခရိုင်တွင် ဧပြီလမှ ယနေ့အချိန်အထိ မီးဘေးနှစ်ကြိမ်၊ လေဘေး ၁၆ ကြိမ်၊ မိုးကြိုးဘေးတစ်ကြိမ် ဖြစ်ပွားခဲ့ရာ ၎င်းသဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့မှုအပေါ် မိတ္ထီလာခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်းဖိုး၊ ဒဏ်ရာရထောက်ပံ့ငွေနှင့် သေဆုံးထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် ၁၄.၃၅၀သန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)