မလှိုင် မေ ၂၅
မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၁၂)နာရီအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က (၂၆.၅.၂၀၂၂)ရက်နေ့မှစတင်၍ ကျောင်းအပ်နှံရေး သီတင်းပတ်အနေဖြင့် ကျောင်းအပ်လက်ခံကြမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ပညာသင်ကျောင်းသား/သူများ အခက်အခဲမရှိစေရေးအတွက် ပုံနှိပ်ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများ၊ သွားတိုက်ဆေးနှင့်သွားတိုက်တံများကို အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ကြောင်း၊ မိမိဌာနအနေဖြင့်လည်း ယခုလိုထောက်ပံ့ပေးခြင်းသည် ဝန်ထမ်းမိသားစုအတွက် တတ်နိုင်သည့်ဘက်မှ ခွန်အားဖြစ်စေပြီး အနာဂတ်အတွက် အားကိုးအားထိုက်ပြုရသော နိုင်ငံသားကောင်းများဖြစ်စေရန် ရည်ရွယ်၍ ထောက်ပံ့ရခြင်းဖြစ်ကြောင်း လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် KG တန်း(၁)ဦး၊ မူလတန်းအဆင့်(၂၃)ဦး၊ အလယ်တန်းအဆင့်(၇)ဦး၊ အထက်တန်းအဆင့်(၅)ဦး၊ တက္ကသိုလ်အဆင့်(၇)ဦး၊ စုစုပေါင်း ကျောင်းသား/သူ(၄၃)ဦးအတွက် စုစုပေါင်းငွေကျပ်(၃၂၂၀၀၀)ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အောင်ဌေး(မလှိုင်)