တာမွေမြို့နယ်တွင် ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေး ဗီနိုင်း၊ ပိုစတာများ ကပ်ထားကြေညာ

တာမွေ   မေ  ၂၅

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ကလေးသူငယ်များသည် နောင်တစ်ချိန်တွင် မိမိတို့နိုင်ငံ၏ နိုင်ငံ့တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သည်နှင့်အညီ အသိဉာဏ်ပညာ ဗဟုသုတပြည့်စုံကြွယ်ဝသော နိုင်ငံ၏ ခေါင်းဆောင်ကောင်းများဖြစ်လာစေရေး၊ မြန်မာနိုင်ငံတွင် စာမတတ်သူ ပပျောက်စေရေးနှင့် ကျောင်းနေအရွယ် ကလေးများအားလုံး ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ ဆင်းရဲချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသား ဖြစ်မှုဆိုင်ရာတို့ကို ခွဲခြားမှုမပြုလုပ်ဘဲ အခွင့်အရေးတူညီစွာဖြင့် ပညာသင်ယူခွင့်ရရှိစေရေးအတွက် ရည်ရွယ်၍ “ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနက ၂၀၂၂-ခုနှစ် မလ(၂၆) ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ကြေညာထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ်အား ကျယ်ကျယ်ပြန်ပြန့်သိရှိပြီး ကျောင်းနေအရွယ်ကလေးများအား ကျောင်းအပ်နှံနိုင်ရေး လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လာကြစေရန်အတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက မြို့နယ်ပညာရေးမှူး ရုံးရှေ့နှင့်အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး သီတင်းပတ် အသိပညာပေး ဗီနိုင်းများနှင့် ပိုစတာများအား ကပ်ထားကြေညာထားကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်