မြောက်ဥက္ကလာပ မေ ၂၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့နေ့လယ် ၂နာရီအချိန် က မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်ခြင်းများကြောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုများနှင့် သစ်ပင်ပြိုလဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခတ်ခဲ့မှုများကြောင့် ရွှေပေါက်ကံ(၂၀)ရပ်ကွက် လမ်းမကြီးဘေးရှိ လူနေဆိုင်ခန်းပေါ်သို့ ကုက္ကိုပင် လဲကျမှုဖြစ်ပွားခြင်း၊ (ဃ)ရပ်ကွက် နွယ်နီ(၅)လမ်းရှိ သုဓမ္မာလမ်းအဝိုင်းနှင့် အုပ်ပုံဆိပ်တွင် ရေကြီးရေလျှံဖြစ်ပေါ်ခြင်း၊ အမှတ်(၁)ရပ်ကွက် သုမိတ္တာလမ်းမကြီးနှင့် သုဓမ္မာလမ်းမပေါ်ရှိ မလေးရှားပိတောက်ပင် အချင်း ၁ပေပတ်လည်၊ အရှည်ပေ ၂၀ခန့်ရှိ သစ်ပင်ပြိုလဲမှုများဖြစ်ပွားခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကပ်ကျော်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဆောင်သော စည်ပင်သာယာဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)