သရက်ချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

သရက်ချောင် မေ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက သရက်ချောင်း မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွန်းက အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် စီဒေါ(CEDAW)အကြောင်း သိကောင်းစရာများ၊ အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး၊ အမျိုးသမီးများနှင့်အခွင့်အလမ်းများ၊ အမျိုးသမီးများ၏အခွင့်အရေးများ အပြည့်အဝရရှိခံစားနိုင်စေရေး နိုင်ငံတကာနှင့်ထားရှိသော ကတိကဝတ်များ၊အမျိုးသမီးများနှင့်အမျိုးသားကြား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုများအပေါ်အခြေခံပြီး ဖြစ်ပေါ်လာသော နောက်ဆက်တွဲသားဖျက်ခြင်း၊ မွေးကင်းစကလေးများစွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးလှုပ်ရှားမှု အစီအစဉ်များကို ထိထိရောက်ရောက်ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီးရေးတက်ကြွစွာ လှုပ်ရှားနေသော ပြည်တွင်းအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်းကို ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်နန်းခလိုက်ရှုက ဆွေးနွေးပြောကြားပေးပါသော ဦးစီးအရာရှိ ဒေါ်လှလှထွန်း အားကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် အသိပညာပေးဆွေးနွေးပွဲ Talk Show များကို ဆက်တိုက်ပြုလုပ်ပေးရန်ရှိကြောင်း ပြောကြားခဲ့ကြောင်း သတင်းရသည်။

နန်းခလိုက်( သရက်ချောင်း)