မြစ်ကြီးနား မေ ၂၅
ကချင်ပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအင်္ဂလိပ်စာ Grammar၊ Vocabulary (အခမဲ့) သင်တန်းဆင်းပွဲကို မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလှဌေးက သင်တန်းဆင်း အမှာစကားပြောကြားပြီး မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခေါန်ဆိုင်းက သင်တန်းဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြသည့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့် သင်တန်းနည်းပြဆရာမနှင့် သင်တန်းသား/ သူများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ကချင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား/ သူများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်ခဲ့သည့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့် သင်တန်းဆရာမ ဒေါ်မွန်းလဲ့လဲ့ဝေတို့အား ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
အဆိုပါ သင်တန်းကို ဧပြီလ ၂၅ ရက်နေ့မှ မေလ (၂၅)ရက်နေ့ထိ (၁)လကြာ အခြေခံအင်္ဂလိပ်သဒ္ဒါ (Grammar) ရေးသားနည်းနှင့် ဝေါဟာရ၊ စကားစုများ (Vocabulary) သင်ကြားပို့ချခဲ့ပြီး မြစ်ကြီးနားမြို့အတွင်းရှိ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ (၂၇) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ယော်ဆောင်(ပြန်/ဆက်)