ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဝါသနာတူကလပ်အသင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ကျောက်တန်း မေ ၂၅

ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ဗဟုသုတများရရှိလာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်ခြားနိုင်စေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍  ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ဝါသနာတူကလပ် အသင်းများစုစည်းပြီး စာရေးသူ အောင်သင်းရေးသားထားသည့် “ခေတ်သစ် ကမ္ဘာအတွက် ပညာရေးနှင့် စာရိတ္တပျိုးထောင်မှု” စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိသန္တာချိုက စာဖတ်ဝိုင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများအား စာပေကို မြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်အတွက် စာဖတ်ဝိုင်းများကို မြို့နယ်အသီးသီးရှိသော ပြန် / ဆက်ဦးစီးဌာနများအနေဖြင့် လစဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး Women Club မှ  ဒေါ်ခင်အေးညွန့်က “ခေတ်သစ် ကမ္ဘာအတွက် ပညာရေး”၊ Book Club အဖွဲ့ဝင် ခင်စန်းတင့်က “ပညာရေးနှင့် စာရိတ္တပျိုးထောင်မှု” စသည့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်