မိုးညှင်း မေ ၂၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ မိုင်းနောင်ကျေးရွာတွင် ငွေကျပ်သိန်းပေါင်း(၆၀၀)ကျော်ဖြင့် ကိုယ်ထူကိုယ်ထ နံနက်ခင်းဈေးသစ်ကို မေလတွင်တည်ဆောက် ပြီးစီးခဲ့၍ ကျေးရွာပြည်သူများ အေးချမ်းစွာ ဈေးရောင်းဈေးဝယ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ကိုယ်ထူကိုယ်ထ ဈေးသစ်ကြီးတည်ဆောက်ရာတွင် မိမိကျေးရွာအတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်၍ ကျယ်ဝန်းပြီး သန့်ရှင်းသာယာလှပသော ဈေးသစ်တည်ဆောက်သွားရန်၊ ဈေးရောင်းချသူ ဈေးသူ ဈေးသားများ ကျန်းမာရေးနှင့် ညီညွတ်ပြီး စိတ်အေးချမ်းသာစွာ ရောင်းချနိုင်ရန်နှင့် ဝယ်ယူစားသုံးသူ များအား သန့်ရှင်းသပ်ရပ်သော အစားအစာများကို လွယ်လွယ်ကူကူ ဝယ်ယူစားသောက်နိုင်စေရန် အတွက် ရည်ရွယ်၍ မိုင်းနောင်ကျေးရွာလယ်တွင် ၂၀၂၂ခုနှစ် မတ်လမှ စတင်တည်ဆောက်ခဲ့ရာ မေလတွင် တည်ဆောက်ပြီးစီးခဲ့ပြီး ဈေးဆိုင်ခန်းပေါင်း (၂၄၀)ခန်းရှိကြောင်း ဈေးကော်မတီအဖွဲ့ နာယကဦးစိုးမြင့်ထံမှ သိရသည်။
ယင်းဈေးသစ်သည် သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်းဖြင့် တည်ဆောက်ထားရှိကာ ဈေးအဆောင် တစ်ဆောင်လျှင် အခန်းပေါင်း(၂၀) ကျောချင်းကပ်လျက်ရှိ၍ ဆိုင်ခန်းတစ်ခန်းလျှင် (၉)ပေ ပတ်လည်ရှိပြီး ဈေးအဆောင်ပေါင်း (၁၄)ဆောင်ရှိရာ အရှေ့ဘက်အခြမ်းတွင် (၇)ဆောင်၊ အနောက် ဘက်အခြမ်းတွင် (၇)ဆောင်ထားရှိကြောင်း၊ ဈေးရုံအလယ်ပေါက်တွင် (၁၂)ပေ ကျယ်ဝန်းသော လမ်းထားရှိပြီး ဈေးဝယ်သူ ဈေးရောင်းသူများအနေဖြင့် ဆိုင်ကယ်များစနစ်တကျ ထားရှိနိုင်ရေး ဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ စျေးသစ်တည်ဆောက်ပြီးစီးခဲ့၍ ဆိုင်ခန်းတစ်ခန်းလျှင် ငွေကျပ်နှစ်သိန်းခွဲနှုန်း မဲစနစ်ဖြင့် ရောင်းချပေးလျက်ရှိပြီး ထိုစျေးသစ်တွင် ကုန်စိမ်းတန်း၊ အထည်အလိပ်ဆိုင်များ၊ အသားစိမ်း ငါးစိမ်း ဆိုင်များနှင့် ခေါက်ဆွဲဆိုင်များ စနစ်တကျစည်းကမ်းရှိစွာ ရောင်းချလျက်ရှိကြောင်း၊ စျေးသစ်ကြီး မဖွင့်မီ ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်ကာ အန္တရာယ်ကင်းပရိတ်တရာတော် ရွတ်ဖတ်ခြင်းများ ပြုလုပ်ခဲ့ပြီး စျေးသူစျေးသားများအနေဖြင့် မေလ(၁၇)ရက်နေ့တွင် အေးချမ်းပျော်ရွှင်စွာ စျေးစတင်ရောင်းချလျက်ရှိကြောင်း စျေးကော်မတီအဖွဲ့ နာယကထံမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)