ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီပညာသင်တန်းဆင်းပွဲနှင့် ပန်းချီ ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကျောက်မဲ မေ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန Community Center   ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်က အခြေခံပန်းချီပညာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးညွှန့်ရွှေက သင်တန်းဆင်းပွဲအမှာစကားပြောကြားခဲ့ပြီး ‌ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က နွေရာသီ ကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်ဆက်မပြတ်လေ့လာသင်ယူတတ်တဲ့ အလေ့အကျင့်ကောင်းကလေးတွေရရှိ‌စေရန်ရည်ရွယ်၍ ပန်းချီသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် “မြန်မာ့ရိုးရာ ကစားစရာများ” ခေါင်းစဉ်ဖြင့်  မေ ၂၀ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည့် ပန်းချီပြိုင်ပွဲ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်များတွင် ဆုရရှိခဲ့သည့် ပြိုင်ပွဲဝင် ၇ ဦးအား တာဝန်ရှိသူများက ဆုချီးမြှင့်ခြင်း၊ ပန်းချီဆရာမ အားဂုဏ်ပြု လက်ဆောင်ပေးအပ်ခြင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများအား ကြာဇံကြော်နှင့်အချိုရည်တို့ဖြင့် ဧည့်ခံကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)