ကော့သောင်းခရိုင်(Community Centre )ခန်းမ၌  (၂/၂၀၂၂) ရှေးဦးပြုစုခြင်းအခြေခံသင်တန်း ဖွင့်လှစ်

ကော့သောင်း မေ ၂၅

ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကော့သောင်းခရိုင် ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းကာ ၂/၂၀၂၂ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ရုံး(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ကော့သောင်းခရိုင် ကြက်ခြေနီကော်မတီ ဥက္ကဋ္ဌ ဦးကံမြင့်က သင်တန်းအဖွင့်အမှာစကားပြောကြားပြီး ကော့သောင်းခရိုင်၊ ကြက်ခြေနီတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ဦးကိုကိုကြီးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးသိမ့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါရှေးဦးပြုစုခြင်းအခြေခံသင်တန်းတွင် ကြက်ခြေနီတပ်ဖွဲ့များဆောင်ရွက်ရမည့် ရှေးဦးပြုစုနည်း အခြေခံသဘောတရားများနှင့်ဝတ္တရားများ၊ လူနာဆန်းစစ်ခြင်း၊ ဒဏ်ရာရခြင်းနှင့် သွေးယို စီးခြင်းကိုကာကွယ်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ အပူလောင်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါနှင့်ပိုးမွှားများကိုက်ခြင်း၊ တုပ်ခြင်း၊ အရိုးအဆစ်နှင့်ကြွက်သားဒဏ်ရာရမှုကို ပြုစုခြင်း၊ ဆေးထည့်ခြင်းနှင့်ပတ်တီးစည်းနည်း၊ သတိလစ်မေ့မြောမှုကိုပြုစုနည်း၊ ဆို့နင်ခြင်းကိုပြုစုနည်း စသည့်ဘာသာရပ်များကို သင်တန်းနည်းပြ(၄)ဦးက စာတွေ့လက်တွေ့များဖြင့် သင်တန်းကာလ(၂)ရက်တာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး ကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၀) ရပ်ကွက်မှ စေတနာဝန်ထမ်းလူငယ်လူရွယ်(၁၅)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)