ပင်းတယမြို့နယ်၌ စိန်တလုံးသရက်သီးများစိုက်ပျိုးဖြစ်ထွန်း

ပင်းတယ မေ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အနီးအနားရှိ ကျေးရွာများတွင် ဒေသထွက်သီးနှံများအား ရာသီအလိုက် စိုက်ပျိုးထားရှိရာ ယခုမိုးဦးကျကာလတွင်ထွက်ရှိသည့် စိန်တလုံးသရက်သီးများမကြာမီ စျေးကွက်အတွင်း ရောက်ရှိရောင်းချတော့မည်ဖြစ်၍ သရက်သီးများစျေးကောင်းရရှိရေး၊ တောင်သူများမျှော်လင့်လျက်ရှိသည်။

ပင်းတယမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ စိန်တလုံးသရက်များ ကိုယ်တိုင်စိုက်ပျိုးရောင်းချသည့် ခြံပိုင်ရှင် ဦးညီလေးက “ကျွန်တော်က မိဘဘိုးဘွားပိုင်မြေ ၃ ဧကပေါ်မှာ စိန်တလုံးသရက်ပင်တွေ စိုက်ထားတာ၊ အပင်ရေ ၃၀၀ လောက်ရှိတယ်၊ ဒီဒေသကထွက်တဲ့သရက်မျိုးဘဲ၊ ကိုင်းဆက်ပြီး မျိုးကူးထားတာ၊ အခု နောက်လလောက်ဆိုရင် သရက်သီးခူးလို့ရပီ၊ ကျွန်တော်တို့က သရက်သီးအလုံး ၃၀ ပါ ကတ်ဖာ တစ်ဖာကို အနိမ့်ဆုံးစျေး ၉၀၀၀ ကနေ အမြင့်ဆုံး ၁၂၀၀၀ လောက်ရတယ်၊ အသီးအရွယ်အစားပေါ်မူတည်တယ်၊ ဒါကလက်ရှိ ပွဲရုံအရောက်စျေးပေါ့၊  သရက်ခူးချိန်၊ ကိုယ့်မိသားစုကဝိုင်းကူပေါ့ အလုပ်သမားဌားတာရော၊ အပင်ပိုးမကျအောင် ပိုးသတ်ဆေးဖျန်းတာတို့၊ ပေါင်းရှင်းတာတို့နဲ့ တခြားကုန်ကျစရိတ်နဲ့ တစ်နှစ်ကို ၅ သိန်း ဝန်းကျင်လောက်ကုန်တယ်၊ သရက်သီးပေါ်ချိန်ရောက်ရင် အသီးထွက်တာမူတည်ပြီး သိန်း ခြောက်ဆယ်၊ ခုနှစ်ဆယ် ပြန်ရတယ်၊ စျေးကောင်းတဲ့နှစ်ဆိုရင် သိန်းရာကျော်လောက် ကျန်တယ်၊ ဒီထဲကဘဲ ခလေးတွေကျောင်းတက်တယ်၊ လှူတယ်တန်းတယ်ပေါ့ဗျာ” ဟု ပြောပြသည်။

ပင်းတယမြို့နယ်အနီးတစ်ဝိုက်၊ ကျေးရွာများတွင် သရက်ခြံဧက အများအပြား စိုက်ပျိုးထားရှိသည်ကိုတွေ့ရသည်။ တောင်ပေါ်ဒေသ စိန်တလုံးသရက်မျိုးများကို အများအားဖြင့် ရပ်စောက်၊ မန္တလေး၊ ဟန်မြင့်မို စသည်မြို့များမှ ကိုင်းဆက်များ ဝယ်ယူစိုက်ပျိုးကြကြောင်း လည်းသိရသည်။

စိန်တလုံးသရက်သီးများစိုက်ပျိုးရာတွင် သဘာဝမြေဩဇာ၊ ကြက်ချေး၊ နွားချေး၊ နှမ်းဖက် စသည့်သဘာဝမြေဩဇာများအား အပင်ရင်းတွင်ထည့်သွင်းရသည်။ သရက်ပင်များသည် နှစ်ရှည်ပင်မျိုးဖြစ်ပြီး၊ တစ်ဧကတွင် အပင်ရေ ၁၀၀ ခန့်စိုက်ပျိုးကြ ပြီးတစ်နှစ်လျှင် တစ်ကြိမ် ခူးဆွတ်ရာ အပင်ရေ ၁၀၀ တွင် သရက်သီးအလုံးရေ ၁၅၀၀၀ ခန့် ရရှိသည်။ သရက်သီးများ အရောင်းအဆင်း ဝင်းဝါလှပစေရန် အတွင်း၌ ခဲပတ်ပါ ပလပ်စတစ်အိတ်များအားစွပ်ပေးရသည်။ အိတ်စွပ်ပီး ၄၅ ရက်အကြာတွင် ခူးဆွတ်ရောင်းချနိုင်ပြီဖြစ်သည်။ ယခုရက်ပိုင်းတွင် စိန်တလုံးသရက်စျေးကွက်တွင် တစ်လုံးလျှင် ကျပ်ငွေ ၃၅၀ ဖြင့်စျေးပေါက်နေကြောင်း၊ သရက်ပင်များ စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များအား စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာစနစ်ကောင်းများရယူ၍ စိုက်ပျိုးကြပြီး၊ မန္တလေး၊ ရန်ကုန် စသည့် မြို့ကြီးများရှိ ပွဲရုံများသို့ ဖောက်သည်တင်ပို့ရောင်းချရကြောင်းနှင့် စိန်တလုံးစိုက် တောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေ ချောမွေ့နေကြောင်း သိရသည်။

အေးအေးလတ်