သီပေါ မေ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ စည်ပင်သာယာရေးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် အများပြည်သူသုံးစွဲရန်မသင့်ဟု ကြေညာထားသောဆေးများနှင့် ထုတ်လုပ်ခွင့်လိုင်စင်ထုတ်ယူခြင်းမရှိသော တိုင်းရင်းဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့မှ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး၊ တရားမဝင်တင်သွင်းသော ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး၊ သက်တမ်းလွန်ဆေးဝါးများ၊ လိုင်စင်မဲ့ဆေးဝါးနှင့် ဆေးပစ္စည်းများ ရောင်းချမှုမရှိစေရေးတို့ကို စစ်ဆေးဆောင်ရွက်ပြီး ဆေးနှင့်ဆေးပစ္စည်း သိုလှောင်ထားရှိမှု၊ စားသုံးသူများ ဘေးအန္တရာယ်ဖြစ်ပေါ်စေမည့် တားမြစ်ဆေးဝါးများအား မရောင်းချရေးတို့ကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်လက်၍ ကျန်ရှိနေသောမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဆက်လက်ကွင်းဆင်း စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)