ဆိပ်ကြီးခနောင်တို မေ ၂၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရ ဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ပေးလျက် ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် (၂လ၊ ၄လ၊ ၆လ၊ ၉လမှ တစ်နှစ်ခွဲ အရွယ် အထိ) ကလေးငယ်များ၏ အသက်အပိုင်းအခြားအလိုက် (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်စသည့် ငါးမျိုးစပ် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေး တိုက်ကျွေးခြင်းတို့အပြင် ပေါင်ချိန်ပေးခြင်း၊ ကလေးငယ်များအတွက် အခြားကျန်းမာရေး စစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ(IPRD)