ကျောက်ဆည်မြို့နယ် မြောင်းဦးကျေးရွာတွင် ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် မေ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မြောင်းဦးကျေးရွာတွင် ပဲတီစိမ်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ရောင်းချရာတွင် ပဲတီစိမ်းတစ်တင်း ငွေကျပ်(၃)သောင်းခုနှစ် ထောင်ကျပ်ဖြင့် ရောင်းချရ၍ ပဲတီစိမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်းစိုက်ခင်းများကို ပန်းခွာ၊ ကျီးပြ၊ သင်ပျို၊ ကျီးအိပ်၊ ဒွေးလှ၊ ငါးဆူ၊ ရှားပင် ကျေးရွာအုပ်စုများတွင် (၁၇၄)ဧက၊ ဒါန်းတိုင်၊ ရန်ဘက်လို၊ ပေတော၊ ဘုံကွင်း၊ စင်းကွန်း ကျေးရွာအုပ်စုများတွင် (၁၆၀၀)ဧက၊ လက်ပန်ပင်၊ မယ်ဇယ်ပင်၊ တံစိုး၊ သူငယ်တော၊ ပွတ္တိုင်၊ မြောင်းဦး၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ပနံ ကျေးရွာအုပ်စုများတွင် (၁၅၈၃)ဧက၊ ညောင်ရွေ၊ သင်ပုတ်၊ ဇရပ်ဖြူ၊ ငါးအိုး၊ သင်ပုတ်၊ အနောက်ရွာနန်း၊ လက်ပန်၊ ညောင်ဝန်း၊ ကြောင်ပန်ကုန်း ကျေးရွာအုပ်စုများတွင် (၅၂၁)ဧက၊ တောင်နောက်၊ သင်တောင်း၊ အင်တိုင်း၊ ပြည်ပန်း၊ ဖောင်ရွာ၊ ကြက်မင်းတွန်၊ ပတ္တာ၊ ပင်တလည်၊ သမန္တလင်း၊ မြင်းကဘက်၊ မုန့်ပေါင်း၊ လက်ပန်ဇင်ကျေးရွာအုပ်စုများတွင် (၄၅၆) ဧက၊ အရှေ့ငယ်တိုး၊ ထန်းဇင်တော်၊ ငှက္ကတောင်၊ ရွှေဓား၊ ရဲဘော်ကြီး ကျေးရွာ အုပ်စုများတွင် (၁၈၈၈) ဧက၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း ကျေးရွာအုပ်စုများတွင် (၁၃၀၆)ဧက၊ ရဲမအူ၊ စိုင်မလန်း၊ ကိုပင်၊ အင်ရောင်း၊ ကလှိုင်ကျော် ကျေးရွာအုပ်စုများတွင် (၉၉၅)ဧက၊ မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ လေးဆယ်ကုန်း၊ တော်တွင်၊ မြေစိုပါယ် ကျေးရွာများတွင် (၁၂၃၈)ဧက၊  ဆူလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ တောင်တော်၊ ကင်းကျေးရွာအုပ်စုများတွင် (၁၂၀)ဧက၊ စုစုပေါင်း(၉၈၈၁)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ပဲတီစိမ်းစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် ရေဆင်း(၁၁) ပဲတီစိမ်း မျိုးနှင့် ရေဆင်း(၁၄)ပဲတီစိမ်းမျိုးများ အဓိကစိုက်ပျိုးကြောင်း၊ ရာသီဥတုနှင့် အပင်အပြုအစုအပေါ် မူတည်ပြီး တစ်ဧက(၂၅)တင်းမှ(၃၅)တင်းအထိ ထွက်ရှိကြောင်းနှင့် ပဲတီစိမ်းသီးနှံများ အောင်မြင် ဖြစ်ထွန်း စေရေးနှင့်အထွက်နှုန်းကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ တောင်သူများအား နည်းပညာများ စနစ်တကျပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)