တာမွေ မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းကို ဆက်လက်ထိန်းချုပ်နိုင်ရေးအတွက် စျေးတာဝန်ခံနှင့် စျေးကိုယ်စားလှယ်များ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်အတွင်းရှိ စျေးများတွင် စျေးဝယ်လာကြသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း (Mask) တပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည် (သို့) ဆပ်ပြာနှင့် လက်ကိုစနစ်တကျ ဆေးကြောစေခြင်းများ ဆောင်ရွက်ပြီးမှသာ စျေးများအတွင်းသို့ ဝင်ရောက်စေခြင်း၊ စျေးရောင်းချသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ နှင့်အညီ စျေးရောင်းချစေခြင်း စသည်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်ကြစေရန်အတွက် အသိပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့သို့ တာမွေမြို့နယ်အတွင်းရှိ စျေးများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ကင်းဝေးစေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အပေါ် စျေးလာရောက်ဝယ်ယူသူ ဒေါ်ဇွန်ဖြူကလည်း “ အခုလို စျေးတာဝန်ခံနှင့် စျေးကိုယ်စားလှယ်များ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ စျေးများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အသိပညာပေး လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန် လုပ်ပေးတာဟာ အရမ်းကောင်းပါတယ်။ ကျွန်မတို့ ပြည်သူတွေအနေနဲ့လည်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန် / ရှောင်ရန်တွေကို တိတိကျကျ လိုက်နာပြီး မိမိပတ်ဝန်းကျင်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိအောင် ဆက်လက်နေထိုင်ကြဖို့ကိုလည်း ကွန်မအနေနဲ့ အကြံပြုတိုက်တွန်းချင်ပါတယ် ” ဟု ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ ယနေ့အထိ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၃၀၇) ဦး အထိရှိပြီး ရောဂါကြောင့် လူတစ်ဦးသေဆုံးမှုဖြစ်ပေါ်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအား အမျိုးသားရေးအသွင်ဖြင့်မှတ်ယူပြီး တိကျစွာဆက်လက် လိုက်နာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီက စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်လျက်ရှိကြောင်း သတင်းရသည်။
နိုင်လင်းအောင်(တာမွေ)