ပူတာအိုခရိုင်၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုး

ပူတာအို မေ ၂၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်ဦးဆောင်မှု၊ မြို့နယ်သစ်တောဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဒေသခံပြည်သူများ သစ်တောသစ်ပင်များ၏ တန်ဖိုးသိရှိနားလည်လာပြီး သစ်ပင်သစ်တောကို ချစ်မြတ်နိုးစိတ် စိုက်ပျိုးလိုစိတ်များ ပေါ်ပေါက်လာစေရန်၊ သစ်ပင်စိုက်ပျိုးခြင်းဖြင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်နှင့် ရာသီဥတုမျှတလာစေရန် ရည်ရွယ်၍ ပူတာအိုခရိုင်၏ ၂၀၂၂ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ရှိ လီဆူစာပေနှင့် ယဉ်ကျေးမှုရုံးဝင်း၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ခေတ္တခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး အောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းစိုး ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညိုဦးနှင့်ဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၀၀)ကျော်တို့က အမြင့်နှစ်ပေအထက် ပျိုးပင်များဖြစ်သော ရေပိတုန်းအပင် (၁၀၀)၊ သစ်အယ်အပင် (၁၀၀)၊ တောင်သမာအပင် (၅၀) စုစုပေါင်း အပင် (၂၅၀)ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ပူတာအိုမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီလူထုဖြန့်ဝေရန်အတွက် ပျိုးပင်ပေါင်း (၁၉၄၀၀)ပျိုးထောင်ထားရှိပြီး အဆိုပါပျိုးပင်များကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ပျိုးပင်ပေါင်း (၁၂၅၀)ပင် စိုက်ပျိုးသွားမည်ဖြစ်ရာ ပထမအကြိမ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတွင် အပင်ပေါင်း (၂၅၀)နှင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် အပင်ပေါင်း (၁၀၀၀) စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ (၄)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ယင်းလူထုဖြန့်ပျိုးပင်များကို အခြေခံပညာကျောင်းများ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေပေးလျက်ရှိပြီး သစ်တောသစ်ပင်ကို ချစ်မြတ်နိုးပြီး စိုက်ပျိုးလိုသူများ မည်သူမဆို မြို့နယ်သစ်တောဦးစီးဌာနနှင့် ဆက်သွယ်စိုက်ပျိုးနိုင်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)