မင်းကျန်စစ်ဝန်ထမ်းအိမ်ရာတွင် မိသားစုစာကြည့်တိုက်ဖွင့်လှစ်

တောင်ကြီး မေ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ မင်းကျန်စစ်ဝန်ထမ်းအိမ်ရာ မိသားစုစာကြည့်‌တိုက်ဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းအောင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက စာကြည့်တိုက်ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် အလှူရှင်များက စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက စာကြည့်တိုက်ဆိုင်းဘုတ်ကို အမွေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးပြီး စာကြည့်တိုက်အတွင်းသို့ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)