ဟားခါး မေ ၂၂
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟားခါးမြို့၊ ဟားခါးမြို့တွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် အမှတ် (၁) အခြေခံပညာကျောင်းဝင်းအတွင်း စုပေါင်း သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက နေရာ (၃) နေရာခွဲ၍ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် က သွားရောက်ကြည့်ရှုအားပေးသည်။
ထိုသို့ ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ အင်အားစုစုပေါင်း (၅၀၀) ကျော်က အဖွဲ့ (၃) ဖွဲ့ခွဲ၍ မကြာမီဖွင့်လှစ်မည့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများနှင့် ပေါင်းမြက်များ ရှင်းလင်းခြင်းနှင့် စာသင်ခန်းအတွင်းရှိ စားပွဲ ထိုင်ခုံများ စနစ်တကျပြန်လည် ခင်းကျင်းခြင်း၊ မြို့ပြသန့်ရှင်းသာယာလှပရေးအတွက် ဟားခါးမြို့ ဗိုလ်ချုပ်လမ်းမကြီးတလျှောက် လမ်းဘေးဝဲယာရှိ ပေါင်းမြက်များရှင်းလင်းခြင်းနှင့် အမှိုက် ကောက်ခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများ ရှင်းလင်းခြင်းတို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင်၊ စစ်ဗျူဟာအခြေချ (ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည့် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။
ယနေ့ ဟားခါးမြို့တွင် ဆောင်ရွက်သည့် ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေး လုပ်ငန်းကို တတိယအကြိမ်မြောက်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး ပထမအကြိမ်ကို မေလ ၇ ရက်နေ့တွင် ဟားခါးတက္ကသိုလ်၌လည်းကောင်း၊ ဒုတိယအကြိမ်ကို မေလ ၁၄ ရက်နေ့တွင် အမှတ် ( ၂ ) အခြေခံ ပညာအထက်တန်းကျောင်း၌ လည်းကောင်း ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)