မူဆယ်မြို့တွင် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မူဆယ်   မေ  ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ရွှေသမင်းကာကွယ်တော၌  သစ်တောဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို‌ပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိရေးတို့ကို ရည်ရွယ်၍ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က ပြုလုပ်သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်သက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်း၊  မြို့နယ်သစ်တောဦးစီးမှူး ဦးစည်သူအေး တို့က ဦးဆောင်၍ ထင်းရှူး(၅၀)ပင်၊ ကံ့ကော်(၂၀)ပင်၊ သစ်လှ(၃၀)ပင်၊ မန်ဂျန်ရှား(၃၀)ပင်၊ ခါတော်မီ(၃၂)ပင်၊ မယ်ဇလီ(၅၀)ပင်၊ ပျဉ်းမ(၅၂)ပင်၊ ရေပိတုန်း(၃၂)ပင်၊ စွယ်တော်(၁၀)ပင်၊ သစ်အယ်(၃၀)ပင်၊ မယ်ဇယ်(၃)ပင်၊ ညံ(၃)ပင်၊ မဟော်ဂနီ(၂)ပင်၊ ခရေ(၁၁)ပင် စုစုပေါင်း ပျိုးပင် (၃၅၅)ပင်တို့ကို စုပေါင်းစိုက်ပျိုးသည်။ သစ်ပင်စိုက်ပျိုးပွဲ၌ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊  ပြည်သူ့စစ်အဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက် စိုက်ပျိုးကြသည်။

ဆက်လက်ပြီး  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက  ၂၀၁၉ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲစိုက်ခင်း၊ ၂၀၂၀ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲစိုက်ခင်းနှင့် ၂၀၂၁ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲစိုက်ခင်းများ ရှင်သန်အောင်မြင်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)