မြောက်ဥက္ကလာပ မေ ၂၁
မကြာမီ ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာပညာသင်ကြားနိုင်ရေး၊ ကျောင်းသာယာလှပရေး၊ ခြင်အန္တရာယ်မှကင်းဝေးစေရေး၊ ကျောင်းဝန်းအတွင်းရှိ ခြုံနွယ်များအမှိုက်များ၊ ရေစီးရေလာ ကောင်းမွန်စေရေးရေမြောင်းများပြန်လည် တူးဖော်ခြင်းများ၊ ကျောင်းဆောင်များသန့်ရှင်းရေးပြုလုပ်ခြင်းများအား ယနေ့နံနက် ၇ နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ဌာနဆိုင်ရာများစုပေါင်း၍ အမှတ်(၃)အခြခံ ပညာအထက်တန်းကျောင်းဝန်းအတွင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကပ်ကျော်၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ ကျောင်းဝန်းအတွင်းရှိ အမှိုက်များ၊ မြက်များ၊ ခြုံနွယ်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများအတွင်းမှ နုန်းမြေများဆယ်ယူခြင်း၊ အဆောက်အအုံနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)