မံစီမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မံစီ မေ ၂၁

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ကောင်ရာရပ်ကွက် မံစီ (မြို့မ) သစ်တောပျိုး ဥယျာဉ်အနီး၌ ပြည်နယ်အစိုးရ၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်က မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်စိုးက လွဲပြောင်းပေးအပ်ခဲ့သည့် ပျိုးပင်များကိုလက်ခံကာ တက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများထံသို့ ပြန်လည်ဖြန့်ဝေပေးခဲ့ပြီး ကျွန်း (၁၀၀) ပင်၊ ပျဉ်းကတိုး (၅၂) ပင်၊ တောင်သမာ (၅၂) ပင်၊ ကညင် (၅၀) ပင်၊  မန်ဂျန်ရှား (၅၀) ပင်၊ ပိတောက် (၂) ပင်၊ တမလန်း (၂) ပင်၊ ငါးပေါက် (၂) ပင်စသည့် သစ်ပျိုးပင်ပေါင်း (၃၁၀) ပင်ကို စုပေါင်း စိုက်ပျိုးခဲ့ကြသည်။

သစ်ပင်များကို စံနမူနာပြအဖြစ် စိုက်ပျိုးပြသပြီး အောင်မြင်ဖြစ်ထွန်းမှုကို ပြည်သူများက သိရှိစေရန်၊ ကိုယ်တိုင်လိုက်ပါဆောင်ရွက်ပြီး သစ်ပင်များကို ချစ်မြတ်နိုးတတ်လာစေရန်နှင့် ဒေသအတွင်း စိမ်းလန်းစိုပြေလာစေရန်ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မံစီမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ်မိုးရာသီကာလများတွင် ပြည်သူများထံသို့ သစ်ပျိုးပင်များကို အခမဲ့ ဖြန့်ဝေပေးလျက်ရှိနေပြီး ယခုနှစ်ဖြန့်ဝေရန်အတွက်လည်း ကျွန်း (၅၀၀၀) ပင်၊ ပျဉ်းကတိုး (၃၀၀၀) ပင်၊ မန်ဂျန်ရှား (၃၀၀၀) ပင်၊ ခရေ (၁၀၀၀) ပင်၊ ဗန်ဒါ (၁၀၀၀) ပင်၊ တောင်သမာ (၅၀၀) ပင်၊ ငါးပေါက် (၅၀၀) ပင်၊ မယ်ဇလီ (၅၀၀) ပင်၊ ကညင် (၅၀၀) ပင် စသည်ဖြင့် သစ်ပျိုးပင်ပေါင်း (၁၅၀၀၀) ကို ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)