သရက်ချောင်းမြို့နယ်၌ အခြေခံပညာအထက်တန်းအဆင့် (Grade-11) သင်ရိုးသစ် မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်

သရက်ချောင်း မေ  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ် Grade (11) သင်တန်းကို (--က) သရက်ချောင်းကျောင်းခန်းမဆောင်၌ ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးက အဖွင့် အမှာစကားပြောကြားခဲ့ပြီး အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို သင်တန်းနည်းပြများနှင့် သင်တန်းကြီးကြပ်အဖွဲ့များ၊ သင်တန်းသား/ သင်တန်းသူဆရာ ဆရာမများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ တီထွင်ဖန်တီးတတ်စေရန်၊ အတွေးအခေါ်ကောင်းများ ရှင်သန်စေရန်၊ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးတတ်စေရန်၊ လက်တွေ့ကျကျ အကောင်အထည်ဖော်တတ်စေရန်နှင့် ဆရာ၊ ဆရာမများ သင်ကြားပို့ချမှုများ အရည်အသွေးကောင်းမွန်စေရန် ရည်ရွယ်၍ သင်ရိုးသစ် (Grade–11) ဆင့်ပွားသင်တန်းကို သင်ကြားပို့ချရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ ဘာသာရပ်ကျွမ်းကျင် သင်တန်းနည်းပြ (၁၀) ဦးတို့က သင်ကြားပို့ချမည်ဖြစ်ရာ သင်တန်းသား ခြေခံပညာအထက်တန်းပြ ဆရာ၊ ဆရာမ (၆၃) ဦး တက်ရောက်သင်ယူမည်ဖြစ်ပြီး မေလ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နန်းခလိုက် (သရက်ချောင်း)