ညောင်ဦးမြို့နယ်အတွင်း မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေး အသင့်စုဖွဲ့ထားရှိ

ညောင်ဦး  မေ  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ညောင်ဦးမြို့နယ်အတွင်း အသင့်စုဖွဲ့ထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်စုအင်အား (၃၅)ဦးအား စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လူ၊ယာဉ်နှင့်လုပ်ငန်းသုံး ပစ္စည်းကိရိယာများ ကြံ့ခိုင်ကောင်းမွန် အဆင်သင့်ရှိနေဖို့အတွက် စုဖွဲ့လေ့ကျင်းခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က ညောင်ဦးခရိုင်၊ ခရိုင်မီးသတ်ဦးစီးဌာန၊ ရှေ့ကွင်းပြင်ကျယ်တွင် စုပေါင်းလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင် (လက်ထောက်ညွှန်ကြားရေးမှူး)ထံမှ သိရှိရသည်။

အဆိုပါစုဖွဲ့လေ့ကျင့်မှုအား ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးဆောင်၍ ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာန၊ ရုံးဝင်းအတွင်း၌ ညောင်ဦးခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် စုပေါင်းလေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ မကြာမီမိုးဦးရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်သည့်အပြင် လက်ရှိအချိန်တွင်လည်း မုတ်သုန်လေများကြောင့် မုန်တိုင်းများဖြစ်ပေါ်ကာ မကြာခဏမိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခိုက်ခြင်းများကြောင့် ရုတ်တရက် ရေကြီးမှုများနှင့်အတူ သစ်ပင်များပြိုလဲ၍ လူနေအိမ်နှင့်အခြားအဆောက်အဦများ ထိခိုက်ပျက်စီးခြင်း၊ အများပြည်သူသွား လမ်းမကြီးများပေါ် သစ်ပင်လဲကျပိတ်ဆို့ခြင်း၊ လေဘေးဒဏ်ကြောင့် လူနေအိမ်များနှင့် အခြားအဆောက်အဦများ အမိုးလန်ပျက်စီးခြင်း၊ ပြိုကျခြင်းအစရှိသည်တို့ မကြာခဏဖြစ် ပေါ်လျက်ရှိသဖြင့် မီးသတ်ဦးစီးဌာန၊ အနေဖြင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ပေးလျက်ရှိရာ ညောင်ဦးမြို့နယ်အတွင်း မီးဘေးအန္တရာယ်နှင့်သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်ပါက အရေးပေါ်ဖုံးနံပါတ် ၁၉၁ ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ရုံးဖုံးနံပါတ်  ၀၆၁၂၄၆၀၁၉၁ ဆက်သွယ်အကြောင်းကြားအကူအညီတောင်းခံနိုင်ကြောင်း၊ မြို့နယ်မီး သတ်ဦးစီးမှူး ဦးကျော်မင်းသူကပြောကြားသည်။

ကိုထိန်၊KPD