တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ပူးပေါင်းဆောင်ရွက်

တာမွေ  မေ ၂၁

မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေ သော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန် စသည့် မြန်မာ့ပညာရေး မျှော်မှန်းချက်တွေအတိုင်း ၂၀၂၂-ခုနှစ် ဇွန်လ(၁)ရက်နေ့မှစတင်ကာ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ယနေ့နံနက် ပိုင်းအချိန်က တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာန အပါအဝင်  သက်ဆိုင်ရာဌာနများနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ တာမွေမြို့နယ် နတ်မောက်ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင် ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများအား ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော် ဝန်နှင့် ရန်ကုန်မြို့တော်  စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် အဆိုပါ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ချုံနွယ်ပိတ် ပေါင်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်း၊ ရေနှုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ မကြာမီ မိုးတွင်းကာလသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် ကျောင်းဝင်းအတွင်း ခြင်နှင့်ယင်များ ပေါက်ပွားမှု မရှိစေရေးအတွက် ခြင်ဆေးမှုတ်ခြင်း၊ ရေစည်ရေအိုးများအတွင်း အဘိတ်ဆေးများ လိုက်လံခတ် ပေးခြင်းနှင့် ကျောင်းအင်္ဂါရပ်များနှင့်မညီညွတ်သည့် အမြင်မတင့်တယ်သည်များအား ဖယ်ရှား ရှင်းလင်းခြင်း စသည်ဖြင့် ကျောင်းသား/သူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေး အတွက် ကြိုတင်ပြင်ဆင်ခြင်းများကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)