တာမွေ မေ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် GRADE-11 (စနစ်သစ်) သင်တန်းပါ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာ များ၏ basic concept များကို ပိုမိုသိရှိနားလည် အသုံးပြုသင်ကြားနိုင်ရန်နှင့် ကျောင်းသုံးစာအုပ်နှင့် ဆရာလမ်းညွှန်အသစ်များ၏ ဖွဲ့စည်းပုံနှင့်အသုံးပြုပုံများကို နားလည်သဘောပေါက်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က GRADE-11(စနစ်သစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က အဖွင့်အမှာစကားပြောကြားရာတွင် “ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံသားများ၏ ပညာတတ်မြောက်မှု၊ အသိပညာ၊ ဗဟုသုတ၊ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများပေါ်တွင် မူတည် နေပြီး ၎င်းနိုင်ငံများ၏ လူမှုရေး၊ စီးပွားရေး ကြွယ်ဝဖွံ့ဖြိုးတိုးတက်ခြင်းသည် ပညာရေးကဏ္ဍ အဆင့်မြှင့်တင်မှုနှင့် သက်ဆိုင်နေပါကြောင်း၊ ပညာရေးကဏ္ဍ အဆင့်မြှင့်တင်မှုနှင့်အတူ သင်ကြားရေးဆရာ/ဆရာမများ၏ စွမ်းဆောင်ရည် မြင့်မားတိုးတက်ဖို့ များစွာအရေးကြီးပါ ကြောင်း၊ ဆရာ/ဆရာမများအနေဖြင့်လည်း မိဘ/ဆရာတို့ထက် ဘက်စုံထူးချွန်ထက်မြက်တဲ့ အနာဂတ် ခေါင်းဆောင် ကောင်းများ မွေးထုတ်ပေးနိုင်ဖို့ များစွာလိုအပ်ပါကြောင်း ” စသည်ဖြင့် ပြောကြားခဲ့ပြီး တာမွေမြို့နယ်ပညာရေးမှူး ဒေါ်ခင်စမ်းရီက “ ခေတ်အဆက်ဆက် ပညာရေးကဏ္ဍ အဆင့်မြှင့်တင် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား/သူများ အားလုံးအတွက် အရည်အသွေးရှိသော ပညာရေးတစ်ရပ် သင်ယူခွင့်ရရှိစေရေးအတွက် ပညာရေးဌာနအနေဖြင့် အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း” စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမောင်မောင်အေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ Grade-11 (စနစ်သစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းတွင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ သင်တန်းသား/သူ ဆရာ/ဆရာမများ စုစုပေါင်း (၉၇)ဦးကို ၂၀၂၂-ခုနှစ် မေ(၂၁)ရက်နေ့မှ မေ(၂၃)ရက်နေ့အထိ GRADE-11 သင်ရိုးသစ်လက်စွဲစာအုပ်မှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီ၊ သမိုင်း၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာရပ်တို့ကို သက်ဆိုင်ရာ ဘာသာရပ်များအလိုက် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ဆရာ/ဆရာမ များ၏ သင်ကြား၊ သင်ယူမှု အရည်အသွေးများ တိုးတက်မြင့်မားပြီး အရည်အချင်းရှိသည့် ပညာရေးတစ်ရပ် ဖြစ်ထွန်းလာစေရေးအတွက် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)