မိုင်းဖြတ် မေ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မကြာမီ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရှိအခြေခံပညာကျောင်းများ၌ စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးမင်းဦးနှင့် မိုင်းဖြတ်တပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများက အထက(မိုင်းဖြတ်)၊ အထက(ဟိုနား)နှင့် မြို့ပေါ်ရှိ အခြေခံပညာကျောင်းများပတ်ဝန်းကျင်ရှိ သစ်ပင်ချုံနွယ်များ၊ ပေါင်းမြက်များ၊ အမှိုက်ကို ရှင်းလင်းဖယ်ရှားခဲ့သည်။
မိုင်းဖြတ်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အပတ်စဉ် စနေနေ့တိုင်း စေတီပုထိုးများ၊ မြို့၏အထင်ကရနေရာများနှင့် သစ်ပင်ချုံနွယ်များ ထူထပ်ပေါများသည့် နေရာများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး