ရန်ကုန် မေ ၂၁
လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလစသည့် ဗလ ငါးတန်နှင့် ပြည့်စုံရန်၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးပြီး တန်ဖိုးထားတတ်စေရန်တို့အတွက် အသိပညာ အတတ်ပညာများ လေ့လာဆည်းပူးကြစေရေး ရည်ရွယ်၍ မေလ(၂၀)ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ ၂(က)ရပ်ကွက် ဗိုလ်တိုက်ချွန်းလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Centre )ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍လူငယ်ရေးရာ ဟောပြောပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လူငယ်ရေးရာဟောပြောပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ဇာဝေ နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆုလှိုင်တို့က လူငယ်များနှင့်ဆွေးနွေးဟောပြောခဲ့ကြပြီး စာအုပ်ပြပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေး ရောင်ခြယ်ပြိုင်ပွဲတို့တွင် ကျောင်းသားလူငယ် (၂၃)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းကို လည်း သိရှိရသည်။
မင်္ဂလာဒုံ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့စာကြည့်တိုက်တွင် အင်္ဂါနေ့မှ စနေနေ့ တို့တွင် (နံနက် ၉:၀၀နာရီ မှ ညနေ ၄:၃၀ အထိ) စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေးလျက်ရှိပြီး (Community Centre )ခန်းမတွင် စာဖတ်ဝိုင်းများ၊ ဟောပြော ဆွေးနွေးပွဲများ၊ သင်တန်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဆုလှိုင်(မင်္ဂလာဒုံ)