လှည်းကူးမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်းဖွင့်လှစ်

လှည်းကူ  မေ  ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများအနေဖြင့် ပညာရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို လုပ်ကိုင်ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိပြီး ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ကြစေရန်အတွက် ရည်ရွယ်ပြီး လှည်းကူးမြို့နယ် ပညာရေးမှူးရုံး၏စီစဉ်မှုဖြင့် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး မွမ်းမံသင်တန်းကို ယနေ့မန်နံနက်ပိုင်းက လှည်းကူးမြို့နယ်(မြို့မ) အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခင်ဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူး ဒေါက်တာဒေါ်သင်းမာလာက ပညာရေးဆိုင်ရာ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေး မွမ်းမံသင်တန်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ကိုယ်ပိုင်ကျောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စသည်တို့နှင့် ပတ်သက်၍ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများက ၂၀၂၂ခုနှစ် မေ(၁၉)ရက်နေ့မှ မေ(၂၀)ရက်နေ့အထိ အသေးစိတ် ရှင်းလင်း ဆွေးနွေးကြမည်ဖြစ်ပြီး အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုအရ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့နယ်အတွင်းရှိ ပညာရေးဌာနမှ ဝန်ထမ်းများ၏ အရည်အသွေးများ တိုးတက်မြင့်မားလာစေရေးအတွက် ရည်ရွယ်ပြီး စီစဉ်ပြုလုပ်ခြင်းဖြစ်ပြီး သင်တန်းတွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီး (၁၈၈)ဦး၊ ကိုယ်ပိုင်ကျောင်းများမှ(၉)ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ (၂၀)ဦး၊ စုစုပေါင်း(၂၁၇)ဦးတက်ရောက်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရှိရသည်

အေးအေးနွဲ့