တာမွေ မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် စားသုံးရန်မသင့်သော အသားချောင်းများ ရောင်းချမှုမရှိစေရေးအတွက် ယနေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး စားသုံးရန် မသင့်သည့် အသားချောင်းများနှင့် ပတ်သက်၍ စျေးသူ/သားများနှင့် စျေးဝယ်လာရောက်ကြသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ အသိပညာပေး ရှင်းလင်း ပြောကြားခဲ့သည်။
ထိုကဲ့သို့ တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးအတွင်း စားသုံးရန်မသင့်သော အသားချောင်းများ ရောင်းချမှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် Benzoic Acid၊ Sorbic Acid စသည့် တာရှည်ခံ ဓာတုပစ္စည်းများ သတ်မှတ်ပမာဏထက် ပိုမိုသုံးစွဲထားခြင်း ရှိ/မရှိနှင့် အဏုဇီဝ သတ်မှတ်ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ တို့ကို အဓိကထား စစ်ဆေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်