ဒေါပုံ မေ ၂၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Covid Shield) ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက ဒေါပုံမြို့နယ် အလက (၄) ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် (Covide Shield) အသက် ၁၈ နှစ်နှင့်အထက် ဒုတိယအကြိမ် ထိုးနှံသူ၊ အသက် ၁၈ နှစ်နှင့် အထက် ပထမအကြိမ် Covide Shield ထိုးနှံသူ ၊ အသက် ၁၅ နှစ်နှင့်အထက် ပထမအကြိမ် (Sinovac) ထိုးနှံသူ စုစုပေါင်း (၁၁၀) ဦးတို့အား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။ဒေါပုံမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ဒေါပုံမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာဦးစားပေးအလိုက် ဦးတည်အုပ်စုများ အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံရာသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများး၊ မြို့နယ်ခြေနီသူနာပြုတပ်ဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန်လာ ရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူများအား မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ဝင်များက အောက်စီဂျင်တိုင်းတာခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။
သူဇာ၀င်း(ပြန်/ဆက်)