ကျောက်ပန်းတောင်း မေ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိုးဦးကာလကြုံတွေ့ရတတ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် လျှပ်စစ်ဓာတ်အာခြိုးခြံချွေတာခြင်းနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းများကို၊ မေလ(၂၀)ရက်နေ့ နံနက် (၁၀)နာရီက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများနှင့် ပတ်သက်၍ မိုးဦးကာလတွင် ကြုံတွေ့ရတတ်သည့်လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးမြေပြိုခြင်းနှင့် ရေဘေးဆိုင်ရာဒုက္ခများနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရန်လိုအပ်သည့် နည်းစဉ်များ၊ ကြုံတွေ့လာပါက ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများနှင့် လိုအပ်ပါက သက်ဆိုင်ရာသို့ အကူအညီတောင်းခံရမည့် နည်းလမ်းများကို တက်ရောက် လာသူများအား အသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်း ရာ မြို့နယ်ဦးစီးအရာရှိက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက်တက်ရောက်လာသူများက လျှပ်စစ်အန္တရာယ်ကင်းဝေးရေးနှင့် လျှပ်စစ် ဓာတ်အား ခြိုးခြံချွေတာရေးနည်းလမ်းများနှင့်ပတ်သက်၍ ပြသထားသည့် ပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြရာ၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေ သက်နွယ်က ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင်ပြသခြင်းများကို မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်နှင့်ဝန်ထမ်းများ၊ စာကြည့်တိုက်လာ စာပေဝါသနာရှင်ပြည်သူများ စုစုပေါင်း(၁၀)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)