နောင်တရားမြို့၌ ချစ်ကြည်ရေးအမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

နောင်တရား မေ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ ဒေသတွင်းဖွံ့ဖြိုးတိုးတက်လိုသည့် ရည်ရွယ်ချက်ဖြင့် ချစ်ကြည်ရေး အမျိုးသား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပလျက်ရှိသည်။

အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို မေလ ၁၇ ရက်နေ့တွင် စတင်ကျင်းပ လျက်ရှိပြီး  အုပ်စု (၁၅)စုဖြင့် အသင်းပေါင်း ၄၅ သင်း ပါဝင်ယှဉ်ပြိုင်ကြသည်။ “လူငယ်များ အတွက် အလွတ်တန်းအမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပပေးတာ ကောင်းပါတယ် ပြိုင်ပွဲတွေမရှိရင် အားကစား မလုပ်ဖြစ်ဘူး ပြိုင်ပွဲရှိတော့ အပျော်ဝင်ကန်ပြီး ကိုယ့်ရဲ့ အားကစားစွမ်းရည်တွေလည်း တိုးတက်တာပေါ့ အားကစားလုပ်ဖြစ်တော့ ကျန်းမာရေးအတွက် လည်းကောင်းပါတယ်” ဟု နောင်တရားမြို့ဒေသခံတစ်ဦးကပြောသည်။ “ဒေသတွင်းဖွံ့ဖြိုး တိုးတက်လိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတဲ့ အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲမှာ အသက် ၁၄ နှစ်အောက် လူငယ်များကို ပြိုင်ပွဲဝင်ကျေးပေးသွင်းစရာမလိုဘဲ ယှဉ်ပြိုင်ခွင့် ပြုထားပါတယ် လူငယ်တွေအားကစားမှာ ပိုပြီးစိတ်ဝင်စားအောင်၊ ဖွံ့ဖြိုးတိုးတက်စေချင်လို့ပါ လူကြီးပိုင်းတွေကတော့ အသင်းဝင်ကြေး ထည့်ဝင်ပြီး ပါဝင်ယှဉ်ပြိုင်ရမှာပါ” ဟု ပြိုင်ပွဲ ကျင်းပရေးကော်မတီဝင်တစ်ဦးက ပြောသည်။

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို တစ်ရက်လျှင် အသင်းလေးသင်း ပါဝင်ယှဉ်ပြိုင်ကစားလျက်ရှိပြီး အသင်းတစ်သင်းလျှင် အသင်းဝင်ကစားသမား (၁၀)ဦးနှင့် အသင်းအုပ်ချုပ်သူ (၁)ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)