တိုက်ကြီးမြို့နယ် အတွင်းရှိ ရပ်ကွက် / ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

တိုက်ကြီး မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီက ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်ကွက်အထောက်အကူပြုအဖွဲ့တို့က ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တိုက်ကြီးမြို့နယ် အဖျောက်မြို့ အမှတ် (၂) ရပ်ကွက်အတွင်း နေအိမ်များရှိ ရေကန်၊ ရေစည်၊ ရေအိုးများ၊ မိုးရေတင်နိုင်သောခွက်၊ တာယာစုတ်၊ အိုးခြမ်းပဲ့၊ အုန်းမှုတ်ခွက်၊  ညောင်ရေအိုး၊ ပန်းအိုးများတွင် ပိုးလောက်လန်း ကာကွယ်ရေး အဘိတ်ဆေးများ ခတ်ခြင်းလုပ်ငန်းများကို တစ်အိမ်တက်ဆင်း ဆောင်ရွက်သည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက် / ကျေးရွာနေ ပြည်သူများအား အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)