တိုက်ကြီးမြို့နယ်တွင် သတင်းစာဆရာအသင်း ဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပ

တိုက်ကြီး မေ ၂၀

မြန်မာနိုင်ငံသတင်းစာဆရာအသင်း ရန်ကုန်တိုင်းဒေသကြီးမှ ကြီးမှူး၍ တိုက်ကြီးမြို့နယ် သတင်းစာဆရာအသင်း ဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည်လမ်းရှိ မြို့ဦးစိတ္တသုခဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်သတင်းစာ ဆရာအသင်းဝင်များဖြင့် တွေ့ဆုံဆွေးနွေးကာ အများသဘောဆန္ဒအရ  ရွေးချယ်ပြီးသော မြို့နယ်သတင်းစာဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့ အမည်စာရင်းများကို အတည်ပြု ဖတ်ကြားခြင်းနှင့် ကတိသစ္စာပြုခြင်းတို့ကို ဆောင်ရွက်သည်။

ထို့နောက် တိုက်ကြီးမြို့နယ် သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးထွန်းလှိုင်က မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း ရန်ကုန်တိုင်းဒေသကြီးမှ တာဝန်ရှိသူတစ်ဦးထံသို့ အလှူငွေများ ပေးအပ်ခဲ့ပြီး တိုက်ကြီးမြို့နယ် သတင်းစာဆရာအသင်း ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

တိုက်ကြီးမြို့နယ် သတင်းစာဆရာအသင်းကို မေလ ၁၉ ရက်နေ့တွင် အသင်းဝင် ၁၉ ဦးဖြင့် စတင်ဖွဲ့စည်းကာ ပြည်သူများအတွက် တိကျမှန်ကန်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင်