မိုင်းဖြတ်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ၌ သစ်ပင်​ပေါင်း(၃၀၀)စိုက်ပျိုး

မိုင်းဖြတ် မေ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက မိုက်ဆီကျိုင်းမွန်းဘုန်းကြီးကျောင်းရှိ သာသနာပိုင်မြေနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးသန်းထွန်းအောင်က စိုက်ပျိုးမည့်သစ်ပင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အေချမ်းမျိုးနှင့် မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ရွာသူ၊ ရွာသားများက ကျွန်း ၅၀ပင်၊ မန်ဂျန်ရှား ၅၀ပင်၊ မယ်ဇလီ ၅၀ပင်၊ ကသစ် ၁၅ပင်၊ ခရေ ၃၀ပင်၊ စိန်ပန်းပြာ ၅၀ပင်၊ ငုစပ် ၅၅ပင်၊ စုစုပေါင်းသစ်ပင် (၃၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲ၌ မြို့နယ်သစ်​တောဦးစီးဌာနက သစ်တော/သစ်ပင်ကျေးဇူးရှင် ထိန်းသိမ်းကြစို့ ထာဝစဉ်၊ သစ်ပင်စိုက်ပျိုးခြင်းဖြင့် ထာဝရကုသိုလ်ရယူပါ စသည့် ​ဆောင်ပုဒ်များဖြင့် စိုက်ပျိုးခဲ့ကြ​ကြောင်း သိရသည်။

​​သန်းထွန်း​အေး(ပြန်/ဆက်)