ပင်းတယ မေ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဆင့်ရုံး( ပင်းတယမြို့)မ ဦးစီးအရာရှိဒေါ်မိုးမိုးထွေးနှင့် ဝန်ထမ်းများသည်ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ပင်းတယမြို့နယ်၊ ကျေးရွာများရှိ စာကြည့်တိုက်များသို့ မေလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စာကြည့်တိုက်များသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျေးရွာစာကြည့်တိုက် တာဝန်ခံများနှင့် တွေ့ဆုံ၍ မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက်ကွင်းဆင်းခြင်းဖြစ်ကြောင်း၊ မိမိတို့စာကြည့်တိုက်ရှိ စုဆောင်းပြီးစာအုပ်/စာစောင်များအပြင် သုတ/ရသ စာအုပ်စာစောင်များ တိုးပွားရေး၊ စာကြည့် တိုက်များ အချိန်မှန်ဖွင့်လှစ်နိုင်ရေး၊ စာကြည့်တိုက်တွင် ကျေးရွာမှလူငယ်လူရွယ်များ၏ အားလပ်ချိန်များတွင် အကျိုးရှိစွာအသုံးချစေတတ်စေရန်နှင့် ဆောက်လုပ်ပြီး စာကြည့်တိုက်များ မပျက်စီးစေရေးကိုဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်ဆွေးနွေးခဲ့သည်။
အဆိုပါကွင်းဆင်းခြင်းဆောင်ရွက်ခြင်းကို ပင်းတယမြို့တွင်း အော်ယောရပ်ကွက်ရှိ စာကြည့်တိုက်၊ ထွက်နီကျေးရွာ၊ ပွေးလှကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ လယ်ပြင်ကျေးရွာ၊ ကျောက်စု ကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ ရေချမ်းစင်ကျေးရွာ စသည်ကျေးရွာများရှိ စာကြည့်တိုက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အေးအေးလတ်