မိုင်းဆတ် မေ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ရေး အသိပညာပေးခြင်းကို ယနေ့နံနက်(၇)နာရီက ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့မဈေးတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် ရာသီအကူးပြောင်းကာလတွင် ဝမ်းပျက်ဝမ်းလျော ဖြစ်ပွားမှုမရှိစေရန် အသား၊ ငါးတန်းရှိ ဈေးသည်များအား ရက်လွန်အသား၊ ငါးရောင်းချမှုမရှိစေရေး၊ အသား၊ ငါးများမှ ထွက်သည့် အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ရေး၊ အသီးအရွက်တန်းရှိဈေးသည်များအား ပုပ်သိုးနေသည့် သစ်သီးများ ရောင်းချမှုမရှိစေရေး၊ ဈေးအတွင်းရှိ အကြော်ဆိုင်များ၊ ခေါက်ဆွဲဆိုင်ရှင်များ အား ယင်နားမှုမရှိစေရန် စနစ်တကျဖုံးအုပ်၍ ရောင်းချရေး၊ ယင်နားစာများ ရောင်းချမှုမရှိရေး ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးအောင်သူ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာစောထက်ဝင်းနှင့် ကျန်းမာရေးဌာန တာဝန်ရှိသူတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)