ကျောက်ပန်းတောင်း မေ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ မြို့နယ်သံဃနာယကဆရာတော်ကြီးများထံမှ ဒုတိယအကြိမ် ဩဝါဒခံယူပွဲနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို၊ ယမန်နေ့နံနက်(၁၀)နာရီက အဆိုပါ ဂေါပကအဖွဲ့ရုံးတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ကြွရောက်တော်မူကြသည့် ဆရာတော်ကြီးများနှင့်ဧည့်ပရိတ်သတ်များက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ် ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး၊ အောင်တော်မူကျောင်းဆရာတော် ဘဒ္ဒန္တကုမာရထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ကြွရောက်တော်မူကြသည့် သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သည့် ပရိတ်တရားတော်များကို အတူတကွနာယူကြပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒုတိယအကြိမ်မြောက် ဩဝါဒခံယူပွဲ ကျင်းပပြုလုပ်ရခြင်း၏အကြောင်းကို ရှင်းလင်းလျှောက်ထားပြီး၊ ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးတင်ဝင်းက ဆောင်ရွက်လျက်ရှိသည့် စီမံရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားသည်။ ဆက်လက်၍ ဂေါပကအဖွဲ့ ဘဏ္ဍာရေးမှူး ဦးမြင့်ရွှေက ယခင်ဩဝါဒခံယူပွဲမှ မပြီးပြတ်သေးသော ကိစ္စရပ်များနှင့် ယခုဩဝါဒခံယူပြီး ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ လက်ရှိဘဏ္ဍာရေး အခြေအနေတို့ကို ရှင်းလင်းလျှေက်ထားတင်ပြသည်။ ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ စိတ္တ ပါလဂူကျောင်းစာသင်တိုက်ကြီး၏ စာချနာယကဆရာတော် ဘဒ္ဒန္တသုမနဓဇထံမှ ဩဝါဒနှင့်အနုမောဒနာတရားကိုနာကြားကြပြီး၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ၊ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့သည်။ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါဒုတိယအကြိမ်မြောက် ဩဝါဒခံယူပွဲသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ စိတ္တပါလဂူကျောင်းစာသင်တိုက်ကြီး၏ စာချနာယကဆရာတော် ဘဒ္ဒန္တသုမနဓဇ အမှူးပြုသည့် သံဃာတော်(၁၀)ပါး ကြွရောက်တော်မူကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင် ဦးရွှေပို၊ မြို့နယ်သာသနာရေးဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ ရုံးအဖွဲ့မှူးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)