တနင်္သာရီ မေ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း မိုးရာသီကာလတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရေးဆောင်ရွက်မှုအဖြစ် ယနေ့နံနက် ၇ နာရီမှ စတင်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့ပေါ်ရပ်ကွက်အတွင်း (Abate)အဘိတ်ဆေးခတ်ပေးခြင်းလုပ်ငန်းအား ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့အဘိတ်ဆေးခတ်ခြင်းအား မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ချောင်းကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးဦးတိုးဝင်းနှင့်ရာအိမ်မှူး၊ ဆယ်အိမ်မှူးများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ချောင်းကြီးရပ်ကွက်အတွင်း နေအိမ်များရှိ ရေတွင်း၊ ရေကန်များ၊ ရေနုတ်မြောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသည့် (ခြင်)ပိုးလောက်လန်းများသေစေပြီး ပေါက်ဖွားမှုမရှိစေရန်အတွက် အဘိတ်ဆေး(Abate) ခတ်ခြင်းလုပ်ငန်းကို အဖွဲ့(၄)ဖွဲ့ခွဲ၍ တစ်အိမ်တက်ဆင်းဆောင်ရွက်ပေးခဲ့ရာ အိမ်ခြေ(၂၅၀)ခန့် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မြို့ပေါ်ရပ်ကွက်များရှိ ကျန်ရှိနေသေးသည့်အိမ်ခြေအားလုံးသို့ ဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ~ထိန်ဝင်း(ပြန်ဆက်)