ဝယ်လိုအား လျော့နည်းနေသည့်အတွက် ပဲတီစိမ်းနှင့် ပဲစင်းငုံများ စျေးအနည်းငယ်အေး

ချမ်းအေးသာစံ   မေ     ၁၉

ဝယ်လိုအား လျော့နည်းနေသည့်အတွက် ပဲတီစိမ်းနှင့် ပဲစင်းငုံစျေးများ မေလဆန်းမှစပြီး စျေးအနည်းငယ်အေးနေကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော် အသင်း (မန္တလေးကုန်စည်ဒိုင်) မှ သိရသည်။

"တရုတ်ဘက်က အဝယ်နည်းနေတဲ့အတွက် ပဲတီစိမ်းနဲ့ ပဲစင်းငုံတွေက စျေးနည်းနည်းအေးနေတယ်။ ဆီစျေးတွေက မြင့်တက်လာတော့ သယ်ယူစရိတ်တွေ မြင့်လာတဲ့အတွက် ဝယ်တဲ့သူတွေအနေနဲ့ တွက်ချေမကိုက်လို့ အဝယ်နည်းတာလို့ ထင်မိပါတယ်။ အရင်လက ပဲတီစိမ်း တစ်အိတ်ကို တစ်သိန်းငါးသောင်း ဝန်းကျင်ကနေ တစ်သိန်းလေးသောင်းခုနှစ်ထောင် ဝန်းကျင်ထိ၊ ပဲစင်းငုံ တစ်အိတ်ကို အရင်လက တစ်သိန်းသုံးသောင်းဝန်းကျင်ကနေ တစ်သိန်းနှစ်သောင်းခွဲထိ စျေးအေးသွားတယ်။" ဟု မန္တလေးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးချွန်က ပြောသည်။

ပဲတီစိမ်းနှင့် ပဲစင်းငုံများကို မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း စသည့်ဒေသများတွင် စိုက်ပျိုးကြကြောင်း၊ ပဲတီစိမ်းသည် သွင်းအားစုများသော ပဲဖြစ်ပြီး စိုက်ပျိုးချိန် ၃လနှင့် ၄လ ဝန်းကျင်သာ ကြာမြင့်သည့်အတွက် တောင်သူများအတွက် ငွေဖြစ်မြန်သော သီးနှံဖြစ်ကြောင်း၊ ပဲစင်းငုံသည် စိုက်ပျိုးချိန် ၆ လနှင့် ၇ လ ဝန်းကျင် ကြာမြင့်သော်လည်း သွင်းအားစုနည်းသောကြောင့် တောင်သူများ တွက်ချေကိုက်သည့် သီးနှံဖြစ်ကြောင်း သိရသည်။

"နောက်နှစ်မှာဆိုရင်လည်း ပဲတီစိမ်းနဲ့ ပဲစင်းငုံက စျေးကောင်းနိုင်တယ်လို့ ခန့်မှန်းမိတယ်။ ပဲစင်းငုံကဆိုရင် နောက်နှစ်မှာ အိန္ဒိယဘက်က ဝယ်ဖို့ စာချုပ်ရှိသလို ပဲတီစိမ်းကလည်း ပြည်ပ ဝယ်လက်တွေရှိနေတဲ့အတွက် အခုလက်ရှိဖြစ်နေတဲ့ စျေးကဆိုရင် ကြမ်းခင်းစျေးတောင် ဖြစ်သွားနိုင်တယ်။ အခုက စျေးကျတယ်ဆိုပေမယ့် ဒီစျေးက တောင်သူပျော်တဲ့စျေးပါ။ အရင်နှစ်တွေက ဆိုရင် တောင်သူတွေ လက်ထဲပစ္စည်းမရှိတဲ့ အချိန်မှ စျေးကတက်တာ။ အခုက တောင်သူတွေ လက်ထဲ ပစ္စည်းရှိတဲ့ အချိန်မှာကတည်းက စျေးတက်တာဆိုတော့ တောင်သူတွေအတွက် တွက်ချေကိုက်တယ်။ အဲဒါကြောင့် တောင်သူတွေအနေနဲ့ လာမယ့်မိုးရာသီမှာ မြေလွတ်တွေမထားဘဲ ပဲတီစိမ်းနဲ့ ပဲစင်းငုံ စိုက်ကြဖို့ အကြံပြုချင်ပါတယ်။" ဟု ဦးချွန်က ဆက်ပြောသည်။

မေလ ၁၈ ရက်နေ့တွင် ပဲစင်းငုံ(နီ) ၆၀ ပိဿာလျှင် ၁၂၅၀၀၀ ကျပ်မှ ၁၂၆၀၀၀ ကျပ် ဝန်းကျင်ထိ စျေးအေးသွားကြောင်း၊ ပဲတီစိမ်းရွှေဝါ     ၅၆.၂၅ ပိဿာလျှင် ၁၅၃၀၀၀ ကျပ် ဝန်းကျင်မှ မေလ ၁၈ ရက်နေ့တွင် ပဲစင်းငုံ(နီ) ၆၀ပိဿာလျှင် ၁၂၅၀၀၀ ကျပ်မှ ၁၂၆၀၀၀ ကျပ် ဝန်းကျင်၊ ပဲတီစိမ်းရွှေဝါ ၅၆.၂၅ ပိဿာလျှင် ၁၄၅၀၀၀ ကျပ်မှ ၁၅၀၀၀၀ ကျပ်ထိ စျေးကျသွားကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။

ထိပ်ထားနိုင်