ထားဝယ် မေ ၁၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးဆိုင်ရာမြေစိုက်ပိုစတာ ဆိုင်းဘုတ် စိုက်ထူပွဲနှင့် ထားဝယ်ပညာရေးဒီဂရီကောလိပ် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းကျောင်းသား၊ ကျောင်းသူများအားကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာဆိုင်းဘုတ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ထားဝယ်ပညာရေးဒီဂရီကောလိပ် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းကျောင်းသား၊ ကျောင်းသူများအားကြိုဆိုပွဲ အခမ်းအနားကိုထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်အနားတွင်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပညာရေးဒီဂရီကောလိပ်၊ ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် မျိုးဆက်သစ်လူငယ်ထု၏ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးမှု၊ ကျွမ်းကျင်မှု၊ အနာဂတ် မျှော်မှန်းချက်များ၊ နိုင်ငံ၏မျှော်မှန်းချက်များကို ပြည့်မီအောင် အဓိကအခန်းကဏ္ဍက တာဝန်ယူနေသူများသည် ဆရာ/ဆရာမများဖြစ်ကြောင်း၊ ဆရာ/ဆရာမများသည် မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်ဘဝ ရှင်သန် ဖွံ့ဖြိုးရေးအတွက် စေတနာ၊ ဝါသနာနှင့် အနစ်နာဆိုသည့် နာသုံးနာကိုအခြေခံပြီး မွန်မြတ်သော ပြုစုပျိုးထောင်ရေး လုပ်ငန်းတာဝန်များကို ကြိုးပမ်းထမ်းဆောင်နေကြကာ ဘုရား၊ တရား၊ သံဃာ၊ မိဘတို့နှင့်ထပ်တူထပ်မျှ ရိုသေလေးစား တန်ဖိုးထားခြင်းခံရသူများဖြစ်ပါကြောင်း၊ ပညာရေးဒီဂရီကောလိပ်တွင် လေးနှစ်တာပညာသင်ယူပြီး B.Sc (Education)၊ B.A.(Education)ဘွဲ့ရသူများဟာ အနာဂတ်မျိုးဆက်သစ်တို့ရဲ့ သင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ထိရောက်စွာပံ့ပိုးကူညီပေးနိုင်ရန်နိုင်ငံတော်က ရည်မှန်းထားကြောင်း၊ “ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့” ဆိုသည့် ပညာရေးပန်းတိုင်သည် မြန်မာ့ပညာရေးမျှော်မှန်းချက်ဖြစ်ပြီး မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်သော အစဉ်လေ့လာသင်ယူနေသည့် လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သော ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းစေရန်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်နိုင်ငံတော်ရဲ့ လူမှုစီးပွားရေးဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်က အားထားရမည့် မျိုးဆက်သစ်လူငယ်များ၊ ပညာရည်မြင့်မားသော နိုင်ငံ့သားကောင်းများဖြစ်လာအောင် စွမ်းအားအပြည့်အဝ စိုက်ထုတ်ပြီး လေ့ကျင့်သင်ယူကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီသန်းက ထားဝယ်ပညာရေးဒီဂရီကောလိပ် သင်တန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးပညာရေးဘွဲ့ စာပေးစာယူသင်တန်း (၁/၂၂)၊ သင်တန်းသူများက “ဘက်စုံဦးတည် တို့လှမ်းချီ” သီချင်းဖြင့် လည်းကောင်း၊ သင်တန်းသားတစ်ဦးက “လုလင်ငယ်သွေး” သီချင်းဖြင့် လည်းကောင်း ကြိုဆိုဂုဏ်ပြုခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)