မြိတ်တက္ကသိုလ်တွင် ၂၀၂၂-‌၂၀၂၃ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

မြိတ် မေ ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ရပ်ကွက်ရှိ မြိတ်တက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲကို မေလ(၁၉) နံနက်ပိုင်းက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပြီး ကြိုဆိုပွဲကို တက္ကသိုလ်ဆရာ/မများက မြကျွန်းညိုညိုတက္ကသိုလ် သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့ကြသည်။

မောင်မယ်သစ်လွင် ကြိုဆိုပွဲကို တက္ကသိုလ်၌ ပညာသင်ဖို့ရောက်လာသည့် ကျောင်းသား/သူများအား လှိုက်လှိုက်လဲလဲကြိုဆိုခြင်း၊ ဘာသာရပ်အသီးသီးရှိ ဆရာ/ဆရာမများမှ ပညာသင်ကြားပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို သိရှိနိုင်စေရန်နှင့် မြိတ် တက္က သိုလ်နှင့်ချိတ်ဆက်ထားသည့် တက္ကသိုလ်များတွင် နိုင်ငံခြားပညာတော်သင် ဆက်လက်သင်ကြားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။

“ကျောင်းသား/သူတွေအနေနဲ့ သူတို့ဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ပြီး အင်္ဂလိပ်စာကျွမ်းကျင်အောင် လုပ်ထားလို့ရှိရင် မြိတ်တက္ကသိုလ်နဲ့ချိတ် ဆက်ထားတဲ့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးထားတဲ့ တက္ကသိုလ်တွေမှာ နိုင်ငံခြားပညာဆက်လက်သင်လို့ရမှာဖြစ်ပါတယ် ”ဟု မြိတ် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းသန်းက ပြောသည်။

ကြိုဆိုပွဲတွင် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက မောင်မယ်သစ်လွင်များအား ကြိုဆိုအမှာစကားပြောကြားပြီး မြိတ်တက္ကသိုလ်၏ သမိုင်း ကြောင်းနှင့် တက္ကသိုလ်ဆိုင်ရာ အချက်အလက်များအား ပြောကြားသည်။ ထိုနောက် ဒုတိယပါမောက္ခချုပ် ဒေါက်တာသီတာက တက္ကသိုလ်၏ စီမံရေးရာအကြောင်းနှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာမြင့်ရီက သင်တန်းရေးရာအကြောင်း မိတ်ဆက်ပြောကြားကြသည်။

ထိုနောက် ဝိဇ္ဇာဘာသာရပ်များ၊ သိပ္ပံဘာသာရပ်များ၊ ဥပဒေပညာနှင့် စီးပွားရေးပညာဘာသာရပ်များ အကြောင်းတို့ကို ပါမောက္ခ(ဌာနမှူး)များက မိတ်ဆက်ပြောကြားကြပြီး ပါမောက္ခချုပ်၊ ဆရာကြီး/ဆရာမကြီးများနှင့် ကျောင်းသား/သူများအား မိတ်ဆက်ပေးခဲ့ကြသည်။ ဆက်လက်၍ ဖျော်ဖြေရေးအစီအစဉ်များ ပြုလုပ်ပြီး မောင်မယ်သစ်လွင်ကျောင်းသား/သူများဘာသာရပ်ပြခန်းများသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြသည်။

မြိတ်တက္ကသိုလ်အနေဖြင့် ဘာသာရပ် သင်ကြားရေးဌာန(၁၅)ခုဖြင့် သင်တန်းနှစ် အသီးသီးကို မေလ(၁၂) ရက်နေ့မှစတင်၍ ဖွင့်လှစ်လျက်ရှိပြီး ဝိဇ္ဇာအထူးပြုဘာသာရပ်(၆)ခု၊ သိပ္ပံအထူးပြုဘာသာရပ်(၇)ခု၊ ဥပဒေပညာဘာသာရပ်နှင့် စီးပွားရေးပညာဘာသာရပ်အလိုက် ကျောင်းသား/ သူများကို ပညာရည်ပြည့်ဝပြီး အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် ကာယဉာဏဖွံ့ဖြိုးတိုးတက်ရန် ပညာသင်ကြားပေးလျက်ရှိသည်။

မြိတ်တက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် သင်တန်းနှစ်အသီးသီး၌ ကျောင်းသား/သူ စာရင်းရှိ (၅၀၀၀)ကျော်ရှိပြီး ကျောင်းအပ်နှံပြီးသည့်စာရင်းမှာ(၄၀၀၀)ကျော်ရှိကြောင်း၊ တက္ကသိုလ်တွင် ယခုပညာသင်နှစ်၌ နေ့သင်တန်းဝင်ခွင့်ရ ကျောင်းသား/သူ(၁၃၄၂)ဦး၊ အဝေး သင် တန်းဝင်ခွင့်ရ ကျောင်းသား/သူ(၁၁၄၃)ဦးရှိကြောင်း၊ မြိတ်တက္ကသိုလ်၏ သင်တန်းနှစ်အသီးသီးရှိ ကျောင်းသား/သူများအား သင်ကြားရေး ဆရာ/မ(၂၀၀) ကျော်ဖြင့် သင်ကြားပေးလျက်ရှိကြောင်း မြိတ်တက္ကသိုလ်မှ သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက်)